မိတ္ထီလာ၊ ဇူလိုင်၂၀

မိတ္ထီလာခရိုင် အရေးပေါ် အခြေအနေ ကြေညာချက်ကို ဇူလိုင်လ ၂၀ ရက်မှစတင်၍ ရုပ်သိမ်းလိုက် ပြီဖြစ်သော်လည်း ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ဆက်လက်တည်ရှိနေဦးမည် ဖြစ်ကြောင်း မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက The Voice သို့ ပြောကြားသည်။

အရေးပေါ် အခြေအနေ ရုပ်သိမ်းလိုက်ပြီဖြစ်၍ လုံခြုံရေးတာဝန် ယူထားရသော တပ်မတော်သားများ နေရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အစားထိုး တာဝန်ယူပေးမည်ဖြစ်ပြီး ညမထွက်ရ အမိန့်ကိုလည်း အခြေအနေ တည်ငြိမ်လာမှုပေါ် မူတည်၍ တစ်နာရီချင်း အချိန်လျှော့ချသည့် နည်းဖြင့် ရုပ်သိမ်းမည်ကြောင်း ၎င်းက ပြောကြားသည်။

မိတ္ထီလာ မြို့မဈေးတွင် မတ်လ ၂၀ ရက်နေ့က ရွှေအရောင်းအဝယ် အဆင်မပြေမှုမှ ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ဒေသန္တရအမိန့် ပုဒ်မ (၁၄၄) ညမထွက်ရအမိန့်ကို ည ၇ နာရီမှ နံနက် ၄ နာရီထိ ထုတ်ပြန်ခဲ့သော်လည်း ပဋိပက္ခ အခြေအနေ ပိုမိုဆိုးရွားလာသဖြင့် နိုင်ငံတော် သမ္မတက မတ်လ ၂၂ ရက်နေ့တွင် မိတ္ထီလာခရိုင် အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်နှင့် ဝမ်းတွင်းမြို့လေးမြို့၌ အရေးပေါ် အခြေအနေ ကြေညာ၍ တပ်မတော်၏ အကူအညီဖြင့် လုံခြုံရေး ရယူခဲ့သည်။

မိတ္ထီလာခရိုင်တွင် အရေးပေါ် အခြေအနေ ကြေညာသည့် ရက် ၆၀ ပြည့်သည့် မေလ ၂၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အဆိုပါဒေသတွင်း လုံခြုံရေး လိုအပ်ချက်အရ အရေးပေါ် အခြေအနေကို ရက်ပေါင်း ၆၀ ထပ်မံ သက်တမ်းတိုးခဲ့ပြီး ဇူလိုင် ၁၉ ရက်တွင် သက်တမ်းပြည့်ခဲ့ရာ လက်ရှိတွင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ရရှိပြီ ဖြစ်ခြင်းကြောင့် အရေးပေါ် အခြေအနေ ကြေညာခြင်းကို ဇူလိုင်လ ၂၀ ရက်မှ စတင်၍ ရုပ်သိမ်းလိုက်ကြောင်း ယင်းထုတ်ပြန်ချက်များ တွင် ဖော်ပြထားသည်။

“အရေးပေါ် အခြေအနေ ရုပ်သိမ်းတာကို ကြိုဆိုပါတယ်။ ဒီလိုရုပ်သိမ်းတဲ့အတွက် အောက်ခြေလူတန်းစားတွေ သွားလာလုပ်ကိုင်ရတာ ပိုပြီးအဆင်ပြေလာမယ်။ အခုမြို့ ပြန်လည် စည်ကားလာဖို့၊ စီးပွားရေးတွေ ပြန်လည် ကောင်းမွန်အောင်လုပ်ဖို့ လိုနေတယ်။ အရေးပေါ် အခြေအနေ ရုပ်သိမ်းတယ် ဆိုပေမယ့် ပုဒ်မ (၁၄၄) ကတော့ ရှိနေဦးမယ်” ဟု မိတ္ထီလာမြို့နယ် ဇာတိဖြစ်သော NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က The Voice သို့ ပြောကြားသည်။

လက်ရှိအခြေအနေ တည်ငြိမ်လာပြီ ဖြစ်သော်လည်း မိတ္ထီလာခရိုင် အတွင်းရှိ မြို့လေးမြို့တွင် ည ၁၀ နာရီမှ နံနက် ၄ နာရီ ညမထွက်ရအမိန့် ရှိနေဆဲဖြစ်ပြီး မိတ္ထီလာမြို့ပေါ် ရပ်ကွက်များနှင့် မိတ္ထီလာမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံများသည် လုံခြုံရေးကင်းများ စောင့်နေ ရဆဲ ဖြစ်ကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။