မြွေနဂါးတောင် မကြောက်ဘူး ဆိုတဲ့ ပဲခူးတိုင်းဝန်ကြီးချူပ် ပေမဲ့ အွန်လိုင်းက ငဖွတွေရဲ့ ရန်ကိုတော့ ကြောက်ရှာသား။ သူ့ခမျာ နောက်တစ်ရက်မှာ ရေထဲထပ်ဆင်း၊ပုဆိုးကြီးမပြီး ဓာတ်ပုံ အရိုက်ခံရရှာတယ်။

ဟီးဟီး၊ လိမ်ချင်ရင်လဲ ပိပိရိရိလေးတော့ လိမ်ပါ ဝန်ကြီးရယ်။တိုက်ပုံလေး တူအောင်ပြန်ဝတ်ပြီး အရင်နေ့က မျက်နှာငယ်လေးတွေနဲ့ လှေတွန်းပေးရတဲ့ လူတွေပြန်ရှာ၊ အဲဒီလူတွေမရရင်တောင်မှ အခြားပြည်သူလို့ ထင်ရတဲ့ တွေ့ကရာ လူတွေထည့်ရိုက်လိုက်ပြီးတာပါပဲ၊ ပြီးစလွယ် နဲနဲနဲ့ ကျဲကျဲဝိုင်းလိုက်တော့ အရှက်ကွဲတာပြန်ဆယ်ပါတယ် ဆိုပါမှ ဆပ်ပြာကျလို့ ကုန်းကောက်တာကို ပုဆိုးကျွတ်ကျပြီး ဖင်ပြောင်ကြီးဖြစ်ကာ တစ်ရှက်က နှစ်ရှက်ကွဲရတော့တာပါပဲ။ နောက်ရက်ဆိုရင်တော့ လက်ပစ်ကူးတို့၊ ခွေးကူးကူးနေတဲ့ ပုံတွေပါ တက်လာမလားတော့ မပြောတတ်ပါ ။

ဘာပဲဖြစ်ဖြစ် အပြုသဘောမြင်ရရင်တော့ ကောင်းပါတယ်။ အောက်ခြေကပြည်သူတွေ အတွက်တော့ ထားရာနေ၊ စေရာသွား အာဏာရှင် လုပ်သမျှခံနေရတဲ့ ဘဝကနေ အာဏာရှင်တွေရဲ့ အမှားကို ပြန်ထောက်ပြ ၊ ပြောပြလုပ်နိုင်တဲ့ လက်နက်တစ်ခုရသွားတာပေါ့လေ။ အွန်လိုင်းရဲ့ ဖော်ပြမှုတွေကို အရေးစိုက်လာရတဲ့ သဘောလည်း သက်ရောက်သွားတာပေါ့။ အတိုက် အခံကောင်းမှန်ရင် အစိုးရက မှားတာလုပ်နေရင် ရဲရဲကြီးကို ထောက်ပြနိုင်ရပါတယ်၊ ဒါမှသာလျှင် တကယ့်အတိုက်အခံ စစ်စစ်ဟု ပီသစွာ ခေါ်ဆိုနိုင်မည်ဖြစ်ပါတယ်၊

အခုတော့ ဒီလိုမဟုတ်ပါ၊ အတိုက်အခံ ပါတီက အစိုးရကို ထောက်ပြနိုင်ဖို့ နေနေသာသာ ၊အမှန်တရားကို ထုတ်ပြောမိတာနဲ့ ကိုယ်ရတဲ့နေရာလေး ပျောက်သွားမှာစိုးရိမ်ရလို့ လို့ နှုတ်ပိတ်နေရတဲ့ဘဝ ။
တကယ်က အွန်လိုင်းက ပြောမှ ပြုတာထက် မိမိကိုယ်ကို လူစိတ်ရှိအောင် မွေးနိုင်ကြရင် အဆင်ပြေပြီ။

ကျွန်တော်ကတော့ အဲဒီလို ပြည်သူတွေအပေါ် အစစ်အမှန် မေတ္တာမရှိတဲ့ အာဏာရှင်တွေအနေနဲ့ ရေကြီးတဲ့နေရာကို လှေနဲ့ပဲသွားသွား၊ ပုဆိုးခါးတောင်းကျိုက်ပြီးပဲသွားသွား၊ ခွေးကူးပဲကူးပြီးသွားသွား စိတ်မဝင်စားဘူးခင်မျ၊ ရေဘေးဒါဏ်ခံနေရတဲ့ အောက်ခြေကပြည်သူတွေရဲ့ ဒုက္ခရောက်နေတဲ့အခြေအနေ ဘယ်လောက် တိုးတက်သွားပြီလည်း ရေဘယ်လောက်ကျသွားပြီလည်း ဆိုတာပဲ စိတ်ဝင်စားတယ်။

ဒီနေရာမှာ ဒီလို အစိုးရလို့ မသုံးပဲ အာဏာရှင် လို့ သုံးရတဲ့ အတွက်လည်း ကိုယ့်လိပ်ပြာကိုယ်သန့်တယ်။
အကြောင်းကတော့ ဘယ်ပြည်သူမှလဲ မထောက်ခံပဲကိုယ့် ဟာကို ခပ်တည်တည်နဲ့ အဝတ်အစားလဲပြီး လွှတ်တော် အအေးခန်းထဲ တက်ထိုင်နေတဲ့ လူတွေ အတွက် ဘယ်တုန်းကမှ မထောက်ခံဘူးသလို့ နာဂစ်တုန်းကလည်း ကိုယ့်အိမ်အမိုးတောင် ကောင်းကောင်းလုံအောင် မဖုံးနိုင်သေးတာတောင်မှ အခြေခံဥပဒေကို တကူးတက သွားပြီး ကြက်ခြေခတ်ကြီး သွားထည့်ပေးထားလို့ပါပဲ။

ဒီလိုပြောလို့ မင်းကကော ဘယ်လောက်တတ်လို့ နိုင်ငံရေးပါရဂူလုပ်ချင်ရတာလဲ? မင်းကကောဘယ်လောက် လုပ်ပြီးပြီမို့လို့လဲ ဆိုတဲ့ စကားနာထိုးချင်သူများအဖို့ တစ်ခါတည်းကြိုပြောလိုက်ပါ့မယ်။ဟုတ်ကဲ့၊ ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေး အလှည့်အပြောင်း အချိုးအကွေ့တိုင်း လိုအပ်တဲ့ အချိန်တိုင်းမှာ ရေသာမခိုပဲ ပါဝင်ခဲ့ဖူးပါသည်။

အတိအကျ သိချင်ရင်လည်း ပြောပါ့မည်၊

၈၈ အရေးအခင်း မဖြစ်မှီ တနှစ် အလိုတွင်သာ မွေးပြီးလူဖြစ်လာရဖြစ်သည်။ ထို့ကြောင့် ၈၈ အရေးအခင်းဖြစ်ချိန်တွင် တစ်နှစ်ကျော်သာရှိသေးသည်။ သို့သော်လည်း အဲဒီ အချိန်တုန်းက ရင်သွေးငယ်များ သမဂ္ဂတို့၊ ပူတူတူးလေးများ ကွန်ရက်တို့ ဘာတို့ မပေါ်သေးတော့ အတီးတစ်ယောက်လည်း အဖေ၊ အမေ ရင်ခွင်ထဲတွင်သာနေရင်း ဆန္ဒပြ လူတန်းကြီးကိုကြည့်ကာ လက်ခုပ်သာတီးခဲ့ရလေသည်။

အလယ်တန်း၊ အထက်တန်း ကျောင်းသား ဘဝရောက်တော့ နည်းနည်းတိုးတက်လာသည်။
နိုင်ငံရေး အခြေအနေ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်သည်ကြားသည်နှင့် တပြိုင်နက် ကျောင်းသို့မသွားတော့ပဲ ရန်ကုန် ဒလ သင်္ဘောအား တနေကုန် ခေါက်တုံ့ခေါက်ပြန်စီးခြင်း၊ ကမ်းနား၌ ရေကူးခြင်း၊ စွန်လွှတ်ခြင်း၊ငါးမျှားခြင်း၊ ရသမျှ မုန့်ဖိုးကုန်အောင် ဂိမ်းဆိုင်၌ ထိုင်ကာ ဂိမ်းဆော့ခြင်း စသည့် နည်းလမ်းမျိုးစုံနှင့် ကျောင်းမတက်ပဲ ကျောင်းပြေးကာ အာဏာရှင်အား တော်လှန်ခဲ့ဖူးသည်၊ ဒီထက်ပို၍ ဘာလုပ်လို့လုပ်ရမည်မှန်းလဲ မသိ၍ဖြစ်သည်။

ဒီလိုနဲ့ပဲ တက္တသိုလ် ကျောင်းသား ဘဝရောက်ပြန်တော့လည်း အဖြူရောင် ကမ်ပိန်းနှင့် ကြုံသည်နှင့် သူများထက် ထူးအောင် အပေါ်ကော အောက်က ဘောင်းဘီပါ အဖြူရောင် ထည်ထည်ကြီး ကိုယ်တိုင်လည်း ဝတ်သလို လူများတွေကိုလည်း လိုက်လံ နှိုးဆော်သဖြင့် ရုံးခန်းရောက်ကာ ကဲမင်းတို့တတွေ လက်ချာခန်းထဲ မရောက်ပဲ ထန်းတောထဲပဲ ရောက်နေမဲ့ အတူတူ စာမေးပွဲဖြေမှသာ လာဖြေကြတော့ကွာဟူ၍ ပါချုပ်၏ အနားပေးမှူကို ကြည်ဖြူစွာ ခံယူဖူးသည်။

ဟော ကျောင်းအပြီး သိပ်မကြာပါ။ ရွှေဝါရောင်တော်လှန်ရေး ဖြစ်သည်နှင့် အတူ မိုးဦးကျမှာ ပေါက်သည့်မှိုများ အလား များပြားလှသည့် ကျောင်းသားခေါင်းဆောင်ဆိုသည့်ကိုယ့်ထက် ငယ်သည့် ညီငယ်များ အကြား ကျောင်းသားနောက်လိုက် လုပ်ဖူးသည်။ရှေ့မထွက်ချင်၊ မထွက်ရဲ၍တော့ မဟုတ်။မဟုတ်က ဟုတ်က ပေါက်ကရ အော်နေသော သူငယ်ချင်းများ၊ညီငယ်များ၊ ဖျက်လိုဖျက်စီး လုပ်ချင်သော လူများ၊ စစ်သားတွေကို ခဲနဲ့ပြန်ထုနေသော လူများကိုသာပတ်ထိန်းရင်း တော်လှန်ရေး တလျှောက် ကျောင်းသားနောက်လိုက်အဖြင့် သာ အချိန် ကုန်သွားခဲ့ရသည်။

အခုမှ စကားစပ်ရင်းနဲ့ ကြုံလို့ သတိရတယ်။

မျိုးချစ်ဝါဒီများ၊ ဘာသာ သာသနာအတွက် သူရဲကောင်းများ၊ ၉၆၉ သင်္ကေတများ မှာ သံဃာတော်များ စစ်ဖိနပ်အောက်မှာ ရိုက်နှက်ခံ အသတ်ခံ ကန်ကြောက်ခံနေရတုန်းကတော့ ဘယ်ရောက်နေမှန်း မသိပါ။ တိုင်းပြည်မှာ အနည်းငယ်လွတ်လပ်ပွင့်လင်းမယ် ကြံကာရှိသည်၊ နောက်ပြန်လှည့်ရန် သက်သက်ဖြင့် ဘာသာရေး၊ လူမျိုးရေးကို ခုတုံးလုပ်ကာ အကြံပက်စက်ချင်နေကြပြီ။

မူရင်း ပို့စ် အဆိုကို ပြန်ကောက်ယူရသော် အွန်လိုင်းပဲဖြစ်ဖြစ်၊ ဘယ်ကပဲဖြစ်ဖြစ် ပြောမှသိ ထိမှနာ တာထက်စာရင် လူပီသပြီး လူစိတ်ရှိစွာဖြင့်ပြည်သူမှန်ရင် ကျောသားရင်သား မခွဲခြားပဲ ဘယ်နေရာပဲရောက်ရောက် မဲရရန်သက်သက် စိတ်မကူးပဲ တကယ့် မေတ္တာစစ်နဲ့ သွားရောက် ကူညီပေးနိုင်ရန်သာ လိုအပ်ပါသည်။ ရေကြီးတာလဲ ဒုက္ခသည်ဖြစ်သလို မီးရှို့ခံရတာလည်း ဒုက္ခသည်ဖြစ်ကြောင်း သိစေချင်သည်။ ခွေးကူးပဲကူးကူး၊ လေးဘက်ထောက်ပြီးပဲရောက်အောင်လာလာ ကျွန်တော်တို့ ပြည်သူများမှ ဝမ်းပန်းတသာ ကြိုဆိုပါမည်ဖြစ်ပါကြောင်း။

copy : အတီး - ဝါးလုံးရှည်