ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ တစ်နိုင်ငံလုံးဖွဲ့မည် ရန်ကုန်၊ ဇူလိုင် ၂၁ မြန်မာနိုင်ငံတွင် ပဋိပက္ခများ ထပ်မံ မဖြစ်ပွားစေရန် ဘာသာပေါင်းစုံ ရောယှက် နေထိုင်သည့် နေရာများကို ဦးစားပေးကာ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့များကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုလုံးတွင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ ယင်းအဖွဲ့များကို ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် ဦးစားပေး ဖွဲ့စည်းသွား မည်ဖြစ်ပြီး ယင်းအနက် သက်ဆိုင်ရာ ဒေသများရှိ ဘာသာပေါင်းစုံ ရောယှက် နေထိုင်သည့် မြို့နယ်၊ ခရိုင်များ၌ ဦးစားပေး ဖွဲ့စည်းမည် ဖြစ်ကြောင်း၊ ယင်းသို့ ဖွဲ့စည်းရာ တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့များနှင့် သက်ဆိုင်ရာ ဒေသများ၏ လူမှု အဖွဲ့အစည်း ခေါင်းဆောင်များက ဦးဆောင် ဖွဲ့စည်းရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့များ စတင် ဖွဲ့စည်းနေပြီဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာ အဆင့်ထိ ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့တို့ ဇူလိုင်လ ၂၁ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံးတွင် တွေ့ဆုံ ဆွေးနွေးပွဲ အပြီးတွင် ဦးရဲထွဋ်က ပြောဆိုသည်။ အဆိုပါ တွေ့ဆုံပွဲတွင် ပဋိပက္ခ ထပ်မံ မဖြစ်စေမည့် ကာကွယ်ရေး အစီအစဉ်များ၊ ပဋိပက္ခ ဖြစ်ပွားစေ သည့် အကြောင်းအရာများ ချုပ်ငြိမ်းစေရန် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွား တိုးတက်ရေးအတွက် လုပ်ဆောင်သင့်သည့် အကြောင်းအရာ ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူများက ဆိုသည်။ ပြည်သူများကြားတွင် နားလည်မှု လွဲမှားခြင်းကြောင့် ကောလာဟလများ အလွယ်တကူ ပျံ့လွင့်သဖြင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ယင်းကိစ္စများကို တားဆီးရန် ပြည်သူလူထု အောက်ခြေအဆင့်ရှိ မတူညီသည့် ဘာသာများ ကြားတွင် အပြန်အလှန် နားလည်မှု တည်ဆောက်ရန် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့များက အဓိက လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးရဲထွဋ်က ပြောကြားသည်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ တစ်နိုင်ငံလုံး ဖွဲ့စည်းပါက ပဋိပက္ခများကို ဟန့်တားရန် အရန်အတား တစ်ခု ဖြစ်လာမည်ဖြစ်ပြီး ပဋိပက္ခများကို တားဆီးရာတွင် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ပြည်သူလူထု က ပူးပေါင်း ပါဝင်ရမည်ဖြစ်ကြောင်း အစ္စလာမ် ဘာသာဝင် တစ်ဦးဖြစ်သူ အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်က သုံးသပ်သည်။ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်နိုင်ရန် နိုင်ငံသား အားလုံး၊ တိုင်းရင်းသား မျိုးနွယ်စု အားလုံး၊ လူမျိုး ဘာသာမရွေး အားလုံး လက်ခံ ကျင့်သုံးသည့် အမျိုးသား ကြန်အင် လက္ခဏာသစ် တစ်ရပ် (New National Identity) ကို တည်ဆောက်ရန် ကြိုးပမ်းနေကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့နှင့် ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။ LC ၊ ကောင်းဆက်နိုင်