စက်တင်ဘာ ၄၊ ၂၀၁၃
M-Media
M-Media

ရန်ကုန် ။ ။ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ ခ-ရပ်ကွက်ရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းအား ယနေ့ စက်တင်ဘာလ ၄-ရက် မနက် ၁း၄၅-နာရီခန့်က မီးကွင်းပစ်ပြီး မီးရှို့ရန်လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
ယင်း အစ္စလာမ်ဘာသာရေးစာသင်ကျောင်းသည် သင်္ဃန်းကျွန်းမြို့နယ်
ခ-ရပ်ကွက်တွင်ရှိပြီး မဒ်ရဆာ ဂျာမေ့အာ အာရဗီယာ သအ်လီမွလ်ကုရ်အာန်
စာသင်ကျောင်းဖြစ်သော်လည်း ဟာဖိဇ်ဆိုလိုင်မန်ကျောင်းဟု အများသိကြသည့်
ကျောင်းဖြစ်သည်။ မီးတုတ်ပစ်၍ မီးလောင်စေရန် လုပ်ဆောင်သော်လည်း
ကျောင်းသားများနိုးလာပြီး ရပ်ကွက်အတွင်းမှ လူအများရောက်ရှိလာခြင်းကြောင့်
ကျောင်းမှာမီးလောင်ခဲ့ခြင်း မရှိပါ။ မီးကွင်းပစ်သူအား
လိုက်လံဖမ်းဆီးကြသော်လည်း မီးကွင်းပစ်သူမှာ ကားမောင်း၍ ထွက်ပြေး
လွတ်မြောက်သွားကြောင်း သိရသည်။
ဖြစ်စဉ်အား စုံစမ်းရာ “အခုမနက်အစောကြီး နံနက် ၁း၄၅-နာရီလောက်မှာ
ကျောင်းဝင်းရှေ့သို့ လူတစ်ယောက် ရောက်လာပြီး ကျွတ်ကျွတ်အိတ်နဲ့ ထည့်ထားတဲ့
ဆီထုတ်ကို ပစ်လိုက်တယ်။ ပြီးတော့ မီးတုတ်ကို ထပ်ပစ်တယ်။ အဲဒါကို
မြင်လိုက်တာက ကျောင်းဝင်းနဲ့ မျက်နှာချင်းဆိုင်အိမ်က မြင်လိုက်တာ။
သူတို့ကလည်း အိပ်မပျော်လို့ အိမ်ရှေ့ ထွက်ရင်း မြင်လိုက်တော့ အော်လိုက်တယ်။
ကျောင်းသားတွေလည်း နိုးသွားတယ်၊ ရပ်ကွက်က လူတွေလည်း ၀ိုင်းလာပြီး
မီးကွင်းပစ်တဲ့သူကို လိုက်တာမမိလိုက်ဘူး။ ကျောင်းမှာက ကျောင်းသား ၂၇၀
လောက်ရှိတယ်။ ၂၀၀-လောက်က အဲ့ဒီကျောင်းမှာပဲ ကျောင်းအိပ်ကျောင်းစားနေတယ်။
၇၀-လောက်ကတော့ နေ့ကျောင်းတက်တဲ့သူတွေပါ။ မီးကွင်းပစ်ခံရတဲ့ကျောင်းဆောင်က ၃-
ထပ်ကျောင်းဆောင်ပါ။ ကျောင်းဝင်းထဲမှာ အဆောက်အဦး ၂-ခုရှိပါတယ်၊ တစ်ခုက
အဲ့ဒီ ၃-ထပ်ကျောင်းဆောင်ဖြစ်ပြီး နောက်တစ်ခုက ဆရာနေတဲ့ အိမ်လေးပါ။
အားလုံးနိုးလာကြတော့ မီးတော့ မလောင်လိုက်ပါဘူး။”ဟု ကျောင်းအနီးရှိ
ဒေသခံတစ်ဦးမှ ပြောပြပါတယ်။
မီးကွင်းပစ်သူ တရားခံကိုတော့ ယခုအချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပဲ ကျောင်းဝင်းရှေ့တွင် ရဲလုံခြုံရေး အစောင့်များ ချထားသည်။