ဖင်လန်အခြေစိုက် လုပ်ငန်းစုကြီး Nokia၏ တစ်ချိန်က အောင်မြင်ခဲ့သော မိုဘိုင်းလ်ဖုန်း လုပ်ငန်းကို အပြီးအပိုင် ထိန်းချုပ်ခွင့်ရရှိရန် အမေရိကန် နည်းပညာ လုပ်ငန်းစုကြီးက ဒေါ်လာ (၇.၂)ဘီလျံ ပေးချေသွားမည်ဟု သိရသည်။
Microsoft ကော်ပိုရေးရှင်းသည် Nokia၏ မိုဘိုင်းလ်ဖုန်း ထုတ်လုပ်ရောင်းချမှု လုပ်ငန်းကို လက်လွှဲဝယ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။ ဖင်လန်အခြေစိုက် လုပ်ငန်းစုကြီး Nokia၏ တစ်ချိန်က အောင်မြင်ခဲ့သော မိုဘိုင်းလ်ဖုန်း လုပ်ငန်းကို အပြီးအပိုင် ထိန်းချုပ်ခွင့်ရရှိရန် အမေရိကန် နည်းပညာ လုပ်ငန်းစုကြီးက ဒေါ်လာ (၇.၂)ဘီလျံ ပေးချေသွားမည်ဟု သိရသည်။ Nokiaသည် မိုဘိုင်းလ်ဖုန်း ထုတ်လုပ်ရောင်းချမှု လုပ်ငန်းအဝဝကို Microsoftထံ လွှဲအပ်ရမည်ဖြစ်ပြီး ယင်း၏ မြေပုံစနစ်နှင့် လိုင်စင်ရယူထားသည့် နည်းပညာ မူပိုင်ခွင့် အချို့ကိုလည်း Microsoftထံ လက်လွှဲပေးရမည် ဖြစ်သည်။ ယခုသတင်း အတည်ပြု ထွက်ပေါ်လာပြီးနောက် Nokia၏ ဈေးကွက်ရှယ်ယာတန်ဖိုးသည် (၄၅)ရာခိုင်နှုန်း ခုန်တက်သွားသည်။
ယခုအခါ ကုမ္ပဏီကြီး နှစ်ခုကြား သဘောတူညီမှု တည်ဆောက်ခဲ့ပြီဖြစ်ပြီး (၂၀၁၄)ခုနှစ် အစောပိုင်းတွင် လက်လွှဲဝယ်ယူမှု ကိစ္စအဝဝ အပြီးသတ်မည်ဟု သိရသည်။ Nokiaက ခန့်အပ်ထားသည့် ဝန်ထမ်း(၃၂၀၀၀)မျှသည် Microsoftသို့ ကူးပြောင်းမည် ဖြစ်သည်။ Nokiaသည် စမတ်ဖုန်း ဈေးကွက်ထဲတွင် Samsungနှင့် Appleတို့၏ အားပြိုင် ကြီးစိုးလာမှုကြောင့် ရုန်းကန်နေရသော ကုမ္ပဏီကြီး ဖြစ်သည်။ Microsoftသည်လည်း မိုဘိုင်းလ် နည်းပညာ နယ်ပယ်တွင် ခြေလှမ်း နောက်ကျကျန်နေကြောင်း ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ယခုအခါ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် သဘောတူညီမှု တစ်ခုကို ရယူနိုင်ခဲ့သည်။
"အနာဂတ်အတွက် ရဲရင့်တဲ့ ခြေလှမ်းတစ်ရပ်ပါပဲ။ ဝန်ထမ်းတွေ အတွက်လည်း ကောင်းမွန်တဲ့ ဖြေရှင်းမှုတစ်ခု ဖြစ်လာပါတယ်။ ကုမ္ပဏီကြီး နှစ်ခုလုံးရဲ့ ရှယ်ယာပိုင်ရှင်တွေ၊ ဖောက်သည်တွေအတွက်လည်း နှစ်ဦးနှစ်ဖက် ကောင်းကျိုးဖြစ်ထွန်းစေတဲ့ အခြေအနေမျိုးပါ"ဟု Microsoft၏ အမှုဆောင်ချုပ် စတိဗ်ဘောလ်မားက ပြောကြားသွားသည်။ Microsoftသည် PCနှင့် Laptopများ အသုံးများသည့် ကာလတွင် အကြီးကျယ်ဆုံး နည်းပညာ လုပ်ငန်းကြီးအဖြစ် ရပ်တည်ခဲ့သော်လည်း စမတ်ဖုန်းနှင့် Tabletများကို အသုံးများလာသည့် လက်ရှိခေတ် အခြေအနေ၏ တောင်းဆိုမှုတွင် နောက်ကျကျန်ခဲ့သည့် အနေအထားမျိုး ကြုံလာရသည်။ Nokiaသည် ယခင်ကတည်းက Microsoft၏ Windows Phone စမတ်ဖုန်း OSများကို ထောက်ပံ့ အသုံးပြုပေးခဲ့ဖူးသည်။ ယခုသဘောတူညီချက်သည် ဈေးကွက်တွင် အသုံးများသည့် iOSနှင့် Androidတို့ကို Windows Phoneက ပိုမိုယှဉ်ပြိုင်လာနိုင်ရန် တွန်းအားတစ်ရပ် အဖြစ်လည်း Microsoftက မျှော်လင့်လျှက်ရှိသည်။
ref :planet