ရခိုင်ပြည်နယ် သံတွဲမြို့ဝန်းကျင်ရွာတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ မီးရှို့မှုတွေကြောင့် သေဆုံးသူ (၅)ဦးအထိ ရှိသွားပြီ ဖြစ်ကြောင်း ရဲအဖွဲ့က ပြောဆိုလိုက်ပါတယ်။ သံတွဲမြို့အနီး သပြုချိုင်ရွာမှာ ယမန်နေ့ အောက်တိုဘာ (၁)ရက်နေ့က ရာချီတဲ့ ရခိုင် ဗုဒ္ဓဘာသာဝင် အကြမ်းဖက် သမားတွေရဲ့ အကြမ်းဖက် မှုကြောင့် သေဆုံးသူ မွတ်စလင် (၅)ဦးအထိရှိခဲ့ပြီလို့ ရဲအရာရှိက AFP သတင်းဌာနကို ပြောဆိုခဲ့ကြောင်း စင်္ကာပူ အခြေစိုက် The Straits Times သတင်းဌာနမှာ ဖော်ပြထားပါတယ်။

သေဆုံးခဲ့သူတွေထဲမှာ အသက် (၉၄)နှစ် အရွယ် အမျိုးသမီးတစ်ဦး ပါဝင်ပြီး ကျန် (၄)ဦးကတော့ အမျိုးသားတွေဖြစ်ပါတယ်။ BBC သတင်းဌာနမှာတော့ သေဆုံးသူ (၅)ဦးအပြင် ဒါဏ်ရာရရှိသူ (၄)ဦး ရှိကြောင်းနဲ့ အကြမ်းဖက်မှုတွေကြောင့် အိမ်ခြေ (၁၀၀)ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။ The Nation သတင်းဌာနမှာလည်း သေဆုံးသူ ဦးရေဟာ ကနဦးက (၄)ဦးအထိ ရှိပြီး အတိအကျကို ပြောဆိုရန်ခက်ခဲကြောင်း၊ ဒါဏ်ရာရသူ စာရင်းလည်း အတိအကျ မပြောဆိုနိုင်သေးကြောင်း၊ အကြမ်းဖက်မှုတွေဟာ နေရာတော်တော်များများကို ပျံ့နှံ့နေလို့ ယခုလို အတိအကျ မပြောဆိုနိုင်ခြင်းဖြစ်တယ်လို့ ရဲအရာရှိတွေက ဆိုကြောင်း ဖော်ပြထားပါတယ်။

သပြုချိုင်ရွာကို အကြမ်းဖက်စဉ် မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက အကြမ်းဖက်သမားတွေဟာ မွတ်စလင်တွေရဲ့ အိမ်၊ ကျောင်း၊ ဗလီဝတ်ကျောင်းတော်တွေကို မီးရှို့ဖျက်ဆီးနေတာကို တွေ့ရှိခဲ့ရပြီး အကြမ်းဖက်သမား အုပ်စုဟာ အယောက် (၁၀၀၀)လောက်ရှိတယ်လို့ ပြောဆိုခဲ့ကြောင်း RFA သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရဲအရာရှိတွေက အကြမ်းဖက်မှုမှာ ပါဝင်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လည်လွှတ်ပေးခဲ့တဲ့အတွက် ရွာကိုပြန်လာပြီး မီးရှို့မှုတွေကို ကျူးလွန်ကြတယ်လို့ ရွာခံတစ်ဦးက ပြောဆိုကြောင်း ဖော်ပြထားပါတယ်။

ယခုလို ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေ အပေါ် ဦးတည်လာတဲ့ အကြမ်းဖက်မှုတွေကနေ ကင်းလွတ်အောင် သံတွဲမြို့ အနီးဝန်းကျင်မှာ ရှိတဲ့ ကမန်တိုင်းရင်းသား မွတ်စလင်အများစုဟာ နီးစပ်ရာ သစ်တောတွေ အတွင်းဝင်ရောက် ခိုလှုံနေကြရသေးကြောင်း Associated Press (AP) သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ယခုလို အကြမ်းဖက်မှုတွေကို ရှုံ့ချကြောင်းနဲ့ မွတ်စလင်တွေ အပေါ် ဦးတည်တဲ့ အကြမ်းဖက်မှုတွေကို ကန့်ကွက်ကြဖို့ ဘာသာရေး၊ လူမှုရေးဆိုင်ရာ အသင်းအဖွဲ့တွေကို တောင်းဆိုကြောင်း ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံး (U.S. Embassy Rangoon) က ကြေငြာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

သံတွဲမြို့မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို ရဲအဖွဲ့က ထိရောက်အောင် တာဆီးမှု မပြုခဲ့ကြောင်းနဲ့ ဒေသခံ မွတ်စလင်တွေဟာ စိုးရိမ်စိတ်နဲ့ နေထိုင်နေရကြောင်း ဩစတြေးလျအခြေစိုက် Sky News သတင်းဌာနမှာ ဖော်ပြထားပါတယ်။ အလားတူ New York Daily News သတင်းဌာနမှာလည်း ရခိုင်ပြည်နယ် လုံခြုံရေး ရဲတပ်ဖွဲ့တွေဟာ အကြမ်းဖက်မှုတွေကို တားဆီးဖို့ ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့ခြင်း မရှိဘူးလို့ ဒေသခံတွေက ပြောဆိုခဲ့ကြောင်း ကိုးကား တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန် အနေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွါးနေတဲ့ သံတွဲမြို့ကို သွားရောက်မလား ဆိုတာကိုတော့ အတိအကျ မသိသေးသော်လည်း သွားဖို့ အစီအစဉ်ရှိတယ်လို့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီက ပြောဆိုကြောင်း Channel News Asia သတင်းဌာနမှာ ဖော်ပြထားပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ အောက်တိုဘာလ (၁)ရက်နေ့က ကျောက်တော် အာဏာပိုင်တွေနဲ့ တွေ့စုံစဉ် “မြန်မာနိုင်ငံဟာ ကမ္ဘာမှာ နာမည်ဆိုး ထွက်သွားပြီ” ဖြစ်ကြောင်းနဲ့ နောက်ထပ် ထပ်မံမဖြစ်ပွါးဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့တယ်လို့ DVB သတင်းဌာနမှာ တင်ဆက်ထားပါတယ်။

ကိုးကား – AFP,  The Straits Times, BBC, The Nation, RFA, Associated Press (AP), U.S. Embassy Rangoon, Sky News, New York Daily News, Channel News Asia, DVB

Copy--http://myanmarmuslimsvoice.com