ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ကြီးအား ပီနန် ဆရာတော် ပြန်လည် ရရှိဟူသော The Voice သတင်းစာ၏ ဖော်ပြမှုနှင့် ပတ်သက်၍ သာသနာရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်နှင့် သာသနာရေး ၀န်ကြီးဌာန၊ သာသနာရေး ဦစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေတို့က နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ၀န်ကြီးရုံး၌ ရှင်းလင်းခဲ့သည်။

အောက်တိုဘာ ၂၅ ရက်ထုတ် The Voice သတင်းစာတွင် "မဟာသန္တိသုခ ကျောင်းတိုက်ကို ပီနန်ဆရာတော် ပြန်လည်ရရှိ" ဟူ၍ ဖော်ပြခဲ့သော သတင်းမှာ မှန်ကန်မှု မရှိကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။

ပီနန်ဆရာတော် ဦးပညာဝံသ၏ ပြန်လည်တောင်းခံမှုကို ၂၀၁၃ ခုနှစ် မတ် ၁၇ ရက်တွင် ကျင်းပသော ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ၄၇ ပါးစုံညီ ဧကူန၀ီသတိမ အစည်းအဝေးက "နိုင်ငံတော် အကြီးအကဲများက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ ရေစက်ချလှူဒါန်းခဲ့ပြီးဖြစ်၍ ပီနန်ဆရာတော် ဦးပညာဝံသအား ပေးခွင့်မရှိကြောင်း" ဆုံးဖြတ်ခဲ့ပြီးဖြစ်၍ ကျောင်းတိုက်အား ပြန်လည်ပေးအပ်ရန် တောင်းခံလာသည့် ပီနန်ဆရာတော် ဦးပညာဝံသမှ ကျောင်းတိုက်ပြန်လည်ရရှိရေးအတွက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့သို့သာ ပြန်လည်လျှောက်ထားရန် လမ်းညွှန်ခဲ့သည်ဟု သာသနာရေး ၀န်ကြီးဌာန သာသနာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေက ပြောကြားခဲ့သည်။

"The Voice သတင်းစာမှာ ဖော်ပြခဲ့တဲ့ ကျောင်းတိုက်ကြီးကို ပီနန်ဆရာတော်ကို လွှဲပေးလိုက်တယ်ဆိုတဲ့ သတင်းက သာသနာရေး ၀န်ကြီးဌာနကို အတည်ပြု မေးမြန်းတာ မရှိခဲ့ဘူး။ ဒီသတင်းကြောင့် နိုင်ငံတော် သံဃနာယက အဖွဲ့ဝင်တွေလည်း အင်မတန်မှ ၀မ်းနည်းခဲ့ရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး The Voice သတင်းစာကို ဆက်သွယ်မေးကြည့်တော့ ဘာမှတိတိကျကျ ပြန်ဖြေတာ မရှိပါဘူး" ဟု သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောကြားသည်။

Eleven
03 Nov 2013